မင်းသိဖို့ကောင်းတယ်


နွေနွေ မိုးမိုး ဆောင်းဆောင်း
အကြောင်းသုံးပါးမရွေး
လာချင်ရင်လာ ပြတ်ချင်ရင်ပြတ်တတ်တဲ့
လျှပ်စစ်မီးနဲ့ ရေကိုတောင်
မင်းသည်းခံနိုင်ပြီဆိုမှတော့ကွာ
မင်းချိန်းလိုက်တိုင်း
လာချင်မှလာတတ်တဲ့တို့အကြောင်းကိုလည်း
မင်း သိဖို့ကောင်းတယ်။

အရေးတကြီး ဖုန်းဆက်လိုက်တိုင်း
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ . . . .
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ . . . .
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ . . . နဲ့
အသံကလေးချိုသာသလောက်
စိတ်မသက်မသာဖြစ်ဖြစ်သွားရတဲ့
အလိုအလျောက်ဖြေကြားစက်ထဲက အသံကိုတောင်
မင်းသည်းခံနိုင်စွမ်းရှိမှတော့ကွာ
မင်းချိန်းလိုက်တိုင်း အကြောင်းအမျိုးမျိုးပြတတ်တဲ့
တို့အကြောင်းကိုလည်း
မင်း သိဖို့ကောင်းတယ်။

ရုံးတက်ရုံးဆင်းချိန်တိုင်း
တိုးတက်တိုးဆင်းရတဲ့ လိုင်းကားစီးရတဲ့ဒုက္ခ
လစာအိတ်ပါးပါးနဲ့ ခေါင်းစဉ်မျိုးစုံအောက်က
ခုန်ခုန်ထွက်တတ်တဲ့ ငွေအကြောင်းကြေးအကြောင်းနဲ့
ငွေအကြွေ ပြန်လဲခိုင်းတိုင်း ကားစပယ်ယာရဲ့ မျက်စောင်းကို
မင်းခံနိုင်ရည် ရှိထားမှတော့ကွာ
မပေါင်းစပ်နိုင်သေးတဲ့ တို့နှစ်ယောက်အကြောင်းကို
မင်းသိဖို့ကောင်းတယ်။
--
အောင်စည်ဟိန်း

3 Responses to "မင်းသိဖို့ကောင်းတယ်"

saytanar responded on January 22, 2010 2:02 PM #

တို့ဘဝပင်လယ်တွင်း
မုန်တိုင်းအစင်းစင်းတိုက်
တရှိုက်ရှိုက်ငိုကြွေး
ပူဆွေးသောက ဗလပွနဲ့
အနာဂတ်ဘဝ မြင်ကွင်းမှာလည်း
ပူပန်စရာ အထင်းသားအကြောင်း
မင်း သိဖို့ကောင်းတယ်
အဟဲ အဲသလိုခံစားကြည့်မိလိုက်တယ်အကို
ခင်မင်စွာဖြင့်
စေတနာ

ကိုမျိုး (အညာမြေ) responded on January 23, 2010 6:06 AM #

မင်္ဂလာပါ..

ကဗျာရေးလဲ တကယ်ကောင်းသူ.. ထိမိ စွဲမိအောင် ရေးဖွဲ့နိုင်သူလို့ ပြောရမှာပေါ့နော်။

လာချင်မှလာတဲ့ မီးနဲ့ရေကို သည်းခံနိုင်သေးတယ် ဆိုရင်... ဆိုပြီး ဥပမာပြ ခိုင်းနှိုင်းဖွဲ့ဆိုထားတာ ဖတ်ရတာ အရမ်းကို ရသမြောက်လှပါတယ်။

အားပေးနေမယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

Anonymous responded on January 25, 2010 1:10 AM #

Hello!
You may probably be very interested to know how one can make real money on investments.
There is no need to invest much at first.
You may begin earning with a sum that usually goes
for daily food, that's 20-100 dollars.
I have been participating in one company's work for several years,
and I'm ready to let you know my secrets at my blog.

Please visit my pages and send me private message to get the info.

P.S. I make 1000-2000 per day now.

http://theinvestblog.com [url=http://theinvestblog.com]Online Investment Blog[/url]