အောင်မြင်မှုသို့ချဉ်းကပ်ခြင်း


 

လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေသူတစ်ဦး (သို့) အုပ်ချုပ် နေရသူ တစ်ဦးအတွက် အဓိက မျက်ချေမပြတ် စောင့်ကြည့်ရမယ့် အရာနှစ်ခုရှိပါတယ်။ ဘာတွေလဲဆိုတော့ ။မိမိ အဖွဲ့အစည်း အတွင်း အခြေနေ နဲ့ပြင်ပ ပတ်ဝန်းကျင်အခြေအနေကို သတိနဲ့ ကြည့်တတ်ခြင်းပါပဲ။

 

မိမိ အဖွဲ့အစည်း အတွင်း အခြေအနေ ဆိုတဲ့နေရာ မှာ ကိုယ့် အဖွဲ့အစည်းရဲ့ အား နည်းချက် ၊ အားသာချက်(ခွန်အား) စတဲ့ အရာတွေကို အဖန်ဖန် ပြန်လည်သုံးသပ်တတ်ဖို့ ဟာ အလွန်အရေးကြီးလှပါတယ်။ ဘယ်နေရာမှာ မဆို ၊ ဘယ်ပုဂ္ဂိုလ် အကြောင်းအရာ မဆို အားနည်းချက် ၊ အားသာချက် ခွန်အားဆိုတာတွေဟာ ရှိစမြဲပါ။ ဒါပေမဲ့ ကိုယ့်မှာ (သို့) ကိုယ့် အဖွဲ့အစည်းမှာ ဘယ်နေရာမှာတော့ အားသာတယ်။ ဘယ်နေရာမှာတော့ အားနည်းနေတယ်။ အားထပ်ဖြည့်မလား ၊ ရှိပြီးသား အင်အားကို ကျစ်လစ်အောင် လုပ်မလား ဆိုတာတွေဟာ ဦးဆောင်သူတို့ စဉ်းစား ကာ ဆုံးဖြတ်ရမယ့် ကိစ္စတွေပါ။ ဒါပေမဲ့ အပြောမှာလွယ်သလောက် တကယ်လက်တွေ့လုပ်တဲ့အခါ ခက်ခဲနေတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေမှာ တချို့ က စီမံကိန်းချတဲ့နေရာမှာတော်တယ် ၊ တချို့က အကောင်အထည်ဖော်တဲ့နေရာမှာတော်တယ် ၊ တချို့က ဈေးကွက်ရှာရာမှာတော်ကြတယ် ၊ တချို့ကတော့ ရရှိထားတဲ့ဈေးကွက် ကိုထိမ်းထားနိုင်တဲ့ အရည်အချင်းတွေရှိကြတယ်။

 

ဒီလိုမိမိအဖွဲ့အစည်း အတွင်းမှာရှိတဲ့ အရည်အချင်းများစွာကို အချိုးကျကျ စီမံခန့်ခွဲပြီး အားနည်းနေတဲ့နေရာ ကို အားဖြည့်ပေးခြင်း ၊ ကျားကန်ပေးခြင်း စတာတွေ လုပ်ဆောင်ပေးထားနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်မှာအောင်မြင်မှုရကြတယ်။ အချို့စီးပွားရေးလုပ်ငန်း တွေမှာ ကြော်ငြာ ၊ ဈေးကွက်ရှာဖွေရေး အရမ်းကောင်းတာကြောင့် အချိန်တို အတွင်းမှာ လူသိများလာတယ်။ ဒါပေမဲ့ အပြောနဲ့ လက်တွေ့ သိပ်မကိုက်ကြတာတွေ တွေ့နေရတယ် ၊ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်တဲ့အခါမှာ အားနည်းလာတယ်။ အကောင်ထည်ပေါ်သွားတဲ့ စီမံကိန်းများကို ထိန်းသိမ်းတဲ့နေရာမှာ အားနည်းလာတယ် ။ ဒီတော့ အကျိုးဆက်က ဘာဖြစ်သွားလဲ စားသုံးသူတွေဟာ သူတို့ကို မယုံတော့ဘူး ။ ကိုယ်မလုပ်နိုင်တာကို လူရှေ့မှာ ချပြ မိသွားတယ် ။ အဖတ်ဆယ်လို့မရတော့ဘူး ။ ဒါဘာဖြစ်တာလဲဆိုတော့ ကိုယ့် အဖွဲ့အစည်းရဲ့ အားနည်းချက် ၊ အားသာချက် ကို ကြိုတင်တွေးမထားခြင်း ရဲ့ ရလဒ်ပဲလို့ ယျေဘုယျကောက်ချက်ချနိုင်တယ်။ ကိုယ်သာ ကိုယ့်အဖွဲ့ အစည်း ရဲ့ အားနည်းချက် ၊ အားသာချက်တွေကို သိခဲ့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားလို့ရမယ်။ စီးပွားရေးလုပ်ငန်းမှာ အောင်မြင်ဖို့ အရေးကြီးသလို ၊ ရထားတဲ့အောင်မြင်မှုကို ထိမ်းသိမ်းထားနိုင် ဖို့ ဟာလည်း အလွန့်အလွန် အရေးကြီးပါတယ်။ ကိုယ့်အကြောင်းကိုယ်သိနေယုံနဲ့ လုံလောက်ပြီလား ။ အဖြေက နိုးပေါ့ ။ ဟုတ်ဖူးလား ။ကျွန်တော်တို့က စီးပွားရေးလုပ်မှာလေ ကိုယ့်အဖွဲ့အစည်းအပြင်ကလူတွေနဲ့ စီးပွားရေးလုပ်ရမှာ ဒါကြောင့် သူတို့အကြောင်း မသိရင် ဘာဖြစ်သွားမလဲ ။ ဒီတော့ သူတို့အကြောင်းသိဖို့ လိုဘူးလားဗျာ ။

 

ကျွန်တော်တို့ က ရှေ့မှာ ကိုယ့်အဖွဲ့အစည်းအကြောင်း ပြန်လည်သုံးသပ်ပြီး အားနည်းချက် ၊ အားသာချက် ခွန်အား တွေကို သိသွားပြီဆိုကြပါစို့ ။ ကိုယ်သိထားတဲ့ ကိုယ့်အဖွဲ့အစည်း အကြောင်းကို အသုံးချပြီး ဘယ်လိုအောင်မြင်မှုရအောင်ယူမလဲ။

 

ပတ်ဝန်းကျင်အကြောင်းကိုလေ့လာရာမှာ ကိုယ့်ရဲ့ပြိုင်ဖက်တွေဘာတွေလုပ်နေလဲ ။ သူတို့ရဲ့ နောက်ခြေလှမ်းကဘာဖြစ်မလဲ ကြိုတင်တွေးထားရမယ်။ အစိုးရရဲ့ ဥပဒေတွေ ဘာတွေအပြောင်းအလဲဖြစ်လာနိုင်မလဲ ။ တကယ်လို့ ဖြစ်လာခဲ့ရင် ကိုယ့် ရဲ့ အဖွဲ့အစည်း (သို့) ကိုယ့် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်လား ၊ အစိုးရအကောင်အထည်မဖော်ရသေးတဲ့ ဥပဒေတွေ အကောင်အထည်ဖော်ဖြစ်ခဲ့ရင် ကိုယ့် အဖွဲ့အစည်းပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုရှိလာမလဲ စတာတွေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်နေရမယ်။

 

ဒီလိုစောင့်ကြည့်နေနိုင်မှသာ ကိုယ့်အဖွဲ့အစည်းအတွက် အခွင့်အလမ်းတွေ ကို မြင်တွေ့လာမယ်။ ကိုယ့်အဖွဲ့အစည်း အတွက် သတိထားရမယ့် အရာတွေကို ကြိုတင်ခန့်မှန်းနိုင်မယ်။ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေရင်းနဲ့ ကိုယ့် အဖွဲ့ အစည်းက အားသာတဲ့ အချက် နဲ့ သူတို့ရဲ့လိုအပ်ချက် ကိုက်ညီသွားတာကိုတွေ့ရင် ဒါဟာ ကိုယ့်အဖွဲ့အစည်းအတွက် အခွင့်အလမ်းပဲ။ ကိုယ်အတွက် အခက်အခဲ လို့ ထင်နေတဲ့ အရာတစ်ခုကို ကိုယ့်ပြိုင်ဖက် က သာသာ ယာယာ လုပ်ယူသွားတာကို တွေ့လိုက်ရရင် ဒီအပေါ်မှာ ကိုယ့်ရဲ့ အားနည်းချက်ကိုပြန်ရှာကြည့်ရမယ်။ အခွင့်အလမ်းမှန်းလည်းသိတယ် ဒါပေမဲ့ ကိုယ်မလုပ်နိုင်ဘူး လို့ သိလိုက်ရင် (သို့) လုပ်လို့တော့ရတယ် လုပ်လိုက်ရင် ကိုယ့်အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်နိုင်မယ် ဆိုတာတွေကို သတိထားမိလာမယ် ဆိုရင် ဒါကျွန်တော်တို့အတွက် ကောင်းတဲ့ရလဒ်ပဲ။ ဒါဟာ အဖွဲ့အစည်းအတွက်ဖြစ်လာနိုင်မယ့် အန္တရာယ်ကို ကြိုသိတာပဲ။ ကျွန်တော်တို့တွေကြားဖူးပြီးသားပါ ပိုက်ဆံ ၁၀ ၀င်တယ်ဆိုတာ ပိုက်ဆံ ၁၀ ကိုယ့်ဆီရောက်လာတာဖြစ်နိုင်သလို ကိုယ့်အိပ်ထဲက ပိုက်ဆံ၁၀ အပြင်ကိုမလိုအပ်ဘဲ ထွက်မသွားတာကိုလည်း ဆိုလိုရာရောက်တယ်လေ။

 

ကိုယ့်အဖွဲ့အစည်းအတွက် အခွင့်အလမ်းတွေ ၊ သတိထားစရာတွေဟာဘယ်မှာရှိလဲ ဆိုတဲ့ မေးခွန်း အတွက် သေချာတဲ့ အဖြေကတော့  ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပဲ ရှိမယ် ဆိုတာပါပဲ။ ကျွန်တော်တို့ က ပတ်ဝန်းကျင်မှာပဲအလုပ်လုပ်ကြရမှာမဟုတ်လား ။ ဒါကြောင့်သေချာတာကတော့ ပတ်ဝန်းကျင်ကို လေ့လာမှုမပြုနိုင်ရင် ကျွန်တော် တို့ အတွက် အခွင့်အလမ်းနဲ့ သတိထားရမယ့် အချက်တွေကို ကျွန်တော်တို့မသိနိုင်ဘူး။

 

ဒါကြောင့်  . . .

ကိုယ့်အဖွဲ့အစည်းအတွက် အခွင့်အလမ်းတွေ ၊ သတိထားစရာတွေကို သိချင်ရင် ပတ်ဝန်းကျင်ကိုစောင့်ကြည့်လေ့လာ သုံးသပ်ပါ ။

 

သိလာတဲ့ အခွင့်အလမ်းတွေကို အောင်မြင်အောင် အကောင်ထည်ဖော်နိုင်ဖို့ အတွက် ဆိုရင် ကိုယ့်အဖွဲ့အစည်းရဲ့ အားနည်းတဲ့ အပိုင်းနဲ့ ၊ကိုယ့်အဖွဲ့အစည်းရဲ့ အားသာတဲ့အပိုင်း (ခွန်အား) ကိုမြင်အောင်ကြည့် ပြီးထိရောက်အောင်အသုံးပြုပါ။

 

သင်ဟာ အောင်မြင်တဲ့ လုပ်ငန်းရှင် (သို့) စီမံခန့်ခွဲသူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

 

ဒီလို့လေ့လာတဲ့ အကျင့်ကလေးကိုပဲ SWOT analysis လို့ခေါ်တယ်ထင်ပါတယ်။

 

S – Strength

W – Weakness

O – Opportunities

T - Threats

 

နောက်တစ်ခါ အာရုံရမှပဲ Personal SWOT analysis ကိုခံစားကြည့်ဦးမယ်။ စီးပွားရေးနဲ့မဆိုင်ပဲ ကိုယ့်တကိုယ်ရေ SWOT analysis ပေါ့ဗျာ။ ရှာဖတ်ထားချင်ဖတ်ထားကြည့်ပေါ့။စိတ်ဝင်စားစရာ ကောင်းပါတယ်။

 

Ref: Management Course  Eight Edition

       Internet

 

လေးစားစွာဖြင့်

နေစိုးနိုင်

 

 

 

 

 


--
Nay Soe Naing
www.naysoenaing.com

2 Responses to "အောင်မြင်မှုသို့ချဉ်းကပ်ခြင်း"

leo responded on February 2, 2010 7:37 AM #

အေးဗျာ...စိတ်ဝင်စားစရာကောင်းတယ်။ ဆက်ရေးဗျာ ..။

Angel Shaper responded on February 7, 2010 1:00 PM #

ကိုနိုင်ရေ........
သမီးတို့ ဖတ်ချင်နေတာ ဖတ်သင့်နေတာ ဒါမျိုးတွေလဲပါတယ်။ ကျေးဇူးတင်တယ်နော်။
အာရုံရအောင်လုပ်ပြီး Personal SWOT analysis ကို အမြန်ဆုံး ရေးပေးနော်။
မျှော်နေတယ်။